Friday, 4 November 2011

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်မည့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးမှုဖြင့် ဒါရိုက်တာ မောင်သူရ (ခ)ဇာဂနာနှင့် ဒါရိုက်တာမင်းထင် ကိုကိုကြီးတို့ စီစဉ်သော လွတ်လပ်ခြင်း  အနုပညာ ရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival) ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း  ပြိုင်ပွဲကျင်းပရေး ကော်မတီမှ ဒါရိုက်တာ မောင်သူရ (ခ)ဇာဂနာက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် အောက်တိုဘာလ ၃၀ ရက် မွန်းလွဲပိုင်းက လေးကြိမ်မြောက် တွေ့ဆုံခဲ့ရာ အဆိုပါ ပြိုင်ပွဲနှင့် ပတ်သက်၍  ပြောကြားခဲ့ကြောင်း ဇာဂနာက တစ်ဆင့် ပြန်ပြောသည်။ “ဒီပွဲကျင်းပခွင့်ရဖို့ အန်တီ (ဒေါ်အောင်ဆန်း စုကြည်) ကိုယ်တိုင် ခွင့်တောင်းထားတယ်။ ဦးအောင်ကြည်နဲ့ မနေ့က တွေ့တုန်းကလည်း  ပြောပြခဲ့ပါတယ်” ဟု ဇာဂနာက ပြောသည်။ ယခုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် ဇာတ်ကားများကို ဒီဇင်ဘာလ ၂၀ ရက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ပြီး ပြည်ပရောက် မြန်မာများ ပေးပို့လာသည့် ဇာတ်ကားများကိုလည်း ပြိုင်ပွဲအတွင်း ထည့်သွင်း စဉ်းစားမည်ဟု သိရသည်။ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်သည် လွတ်လပ်ခြင်းအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရိုက်ကူး ဖန်တီးထားသည့် ရုပ်ရှင်ဇာတ်ကားများမှ တစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏ အနှစ်သာရနှင့် အတွေးအခေါ် အယူအဆများ ပျံ့နှံ့စေရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။ ရိုက်ကူးသူ တစ်ဦးချင်း၏ လွတ်လပ်ခြင်း အနှစ်သာရအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ် သွားမည် ဖြစ်ပြီး အကဲဖြတ် အဖွဲ့ဝင်များမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဒါရိုက်တာ မောင်သူရ (ခ) ဇာဂနာနှင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ ဖြစ်သည်။ ယင်းပြိုင်ပွဲသို့ ပြည်တွင်း ပြည်ပမှ မည်သည့် အသက်အရွယ် အပိုင်းအခြားမဆို ယှဉ်ပြိုင်နိုင်ပြီး အတိုဆုံး နှစ်မိနစ်မှ အရှည်ဆုံး မိနစ်သုံးဆယ်ကြာ ရုပ်ရှင်ဇာတ်လမ်းတိုနှင့် မှတ်တမ်းရုပ်ရှင်များကို ဒီဗီဒီဗားရှင်းဖြင့် နှစ်ခွေ ပေးပို့နိုင်ပြီး ရွှေအမြုတေ မဂ္ဂဇင်းနှင့် အလင်းတန်း ဂျာနယ်တိုက်သို့ ပေးပို့ရမည် ဖြစ်သည်။ ဆုများကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချီးမြှင့်မည် ဖြစ်ပြီး ဆုရသူများကို အမေရိကန်နိုင်ငံ နယူးယောက်ရှိ Newyork  Institute ၏ ကမ်းလှမ်းချက်အရ အဆိုပါ တက္ကသိုလ်တွင် ရုပ်ရှင်သင်တန်းသုံးလ ဆည်းပူးခွင့် ရမည် ဖြစ်သည်။ ယခုပြိုင်ပွဲအတွက် အသေးစိတ် အချက်အလက်ကို Zaganar.2011@gmail.com နှင့် kokogyi@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပြီး ရုပ်ရှင်ပွဲတော်ကို ဒီဇင်ဘာလ ၃၁ ရက်တွင် ဖွင့်ပွဲကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲကာလ လေးရက်အတွင်း ဇာတ်ကားများကို တော်ဝင်စင်တာရှိ ရုပ်ရှင်ရုံ နှစ်ရုံတွင် ပြသရန် စီစဉ်ထားကြောင်း ဇာဂနာက ပြောသည်။

No comments:

Post a Comment